Written by နန္ဒ၀င်း (ဆေး-၁) | |
မကြာသေးသော ကာလတစ်ခုက ဖြစ်ပါတယ်။ သက်ရွယ် မတိမ်းမယိမ်း လုပ်ဖော်ကိုင်ဖက် ဆရာဝန်တွေနှင့် တွေ့ဆုံဖြစ်ခဲ့ပါတယ်။ ဆေးလိပ်ငွေ့တွေ၊ ဘီယာအရက်ခိုးတွေကြားမှာ ပျော်ရွှင်စွာ ပြောဆိုငြင်းခုံကြပါတယ်။ အဲဒီလို ပြောဆိုနေကြတုန်း ဆရာကြီးတစ်ဦး ပြောတာကို ပြန်ကြားယောင်မိပါသေးတယ်။ ဆရာဝန်ဆိုတာ သူတစ်ပါးကို အကောင်းဆုံးညွှန်ကြားပြီး သူ့ဘာသာကျတော့ လုပ်ချင်ရာလုပ်တဲ့သူတဲ့။ လူနာနှင့်မိမိကို လေးစားတဲ့ လူငယ်တွေကို ဆေးလိပ်၊ ကွမ်း၊ အရက် စတဲ့ ကျန်းမာရေးနှင့် မညီညွတ်တဲ့ အပြုအမူတွေကို ရှောင်ကြဉ်ဖို့ ဆုံးမတတ်တဲ့ ကျွန်တော်တစ်ယောက် မိတ်ဆွေဘ၀တူ ဆရာဝန်တွေကိုကျတော့ မဆွဲဆောင်နိုင်ဘဲ ဘေးကတောင် အဖော်လုပ်ပေးနေတဲ့ အခြေအနေကို သတိပြုမိတိုင်း ကျွန်တော် ဟာ ရေသောက်ရင်း မူးလာသလိုပါပဲ။ အဲဒီအခေါက်မှာ ကျွန်တော်တို့ ဆွေးနွေးဖြစ်တာက ကျွန်တော်တို့ ဆရာဝန်ဖြစ်စက ခံယူချက်နှင့် လက်ရှိအချိန်ရဲ့ ခံယူချက်ပဲ ဖြစ်ပါတယ်။ တစ်နှစ်၊ နှစ်နှစ်ဆိုတဲ့ အတိုင်းအတာမှာ မသိသာပေမယ့် ဆယ်စုနှစ်နှင့်ချီလာတဲ့ အခါမှာတော့ ရပ်တည်ချက်၊ ခံယူချက် အရွေ့ဟာ အတော့်ကို ထင်သာမြင်သာ လာပါတော့တယ်။ဆရာဝန်ဖြစ်စကလို လူမမာလို့ ဆိုတိုင်း စေတနာထား သနားတတ်တဲ့စိတ်တွေ၊ မရှိလို့ပါဆိုရင် အိတ်ထဲကစိုက်ပြီး ကုသပေးခဲ့တာတွေဟာ တော်တော်လှမ်းလှမ်းမှာ ကျန်ရစ်ကုန်ပါပြီ။ မိမိက သနားလို့ စေတနာနှင့် ဆက်ဆံတာကို ဒီဆရာဝန်က ခပ်ပေါပေါဆိုပြီး မလေးစားဆက်ဆံတာတွေ၊ ရောင့်တက်လာတာတွေ၊ ရိုင်းပျစော်ကား ခံလိုက်ရတာတွေ၊ ခါတော်မှီ ဆင်းရဲချင်ယောင်ဆောင်ပြီး အညာခံလိုက်ရတာတွေ၊ အသုံးချ ခံလိုက်ရတာတွေကြောင့် ကျွန်တော်တို့ အားလုံးဟာ တည်တတ်၊ မာတတ်၊ သံသယ၀င်တတ်၊ အကာအကွယ် ယူတတ်လာခဲ့ပါပြီ။ စော်ကားခံရခြင်း၊ လူလည်ကျခံရခြင်း စတဲ့ ဘေးတွေက ကင်းဝေးပေမယ့် တစ်ခါတစ်ခါ ပြန်ပြီးသုံးသပ်မိတိုင်း လက်ရှိ မိမိရဲ့ရပ်တည်ချက်ကို အားရကျေနပ်မှု မရှိပါဘူး။ ဖြစ်နိုင်ရင် ဟိုးအစတုန်းကလို ဖြူဖြူလေးပဲ ဖြစ်ချင်ပါတယ်။ ဒါဟာ ကျွန်တော်တို့ အားလုံးရဲ့ ခံစားချက်တွေပါ။ အဲဒီမှာ တစ်ယောက်သောသူက ထင်မြင်ချက်ပေးပါတယ်။ အရင်က ကျွန် တော်တို့ ကျောင်းမှာ သင်ခဲ့ကြားခဲ့ရတာတွေ၊ ဖတ်ခဲ့မှတ်ခဲ့ကြတာတွေဟာ စံပြဆိုတဲ့ အခြေအနေ အကြောင်းတွေ၊ စံပြုထိုက်တဲ့ ပုဂ္ဂိုလ်တွေရဲ့ အကောင်းဆုံး ဖြစ်ရပ်တွေကိုပဲ သိခဲ့မှတ်ခဲ့ အားကျခဲ့တာတွေတဲ့။ တကယ့် လက်တွေ့မှာ အဲဒီ စံပြအခြေအနေနှင့် မသက်ဆိုင်တဲ့ အနေအထားတွေ၊ စာအုပ်တွေထဲမှာ ဖော်ပြခြင်း မရှိခဲ့တဲ့ အကြောင်းတရားတွေနှင့် တွေ့ကြုံနေရတာတဲ့။ အရင်တုန်းက မျှော်မှန်းခဲ့တဲ့ဘ၀က စာအုပ်ဆန်တဲ့ ဘ၀ဖြစ်ပြီး ယခုလက် ရှိ ကြုံနေရတာက လူသားဆန်တဲ့ ဘ၀လို့ ဆိုပါတယ်။ အားလုံးကျေနပ်စွာ ရယ်မောလိုက်ကြပြီး လူသားဆန်တဲ့ ဘ၀များအတွက် ဆိုပြီး လက်ထဲကခွက်တွေကို မြှောက်လိုက်ကြပါတယ်။ ရောယောင်ပြီး လက်ထဲက ရေခွက်ကို မြှောက်လိုက်ရပေမယ့် နားထဲမှာတော့ စာအုပ်ဆန်တဲ့ ဘ၀နှင့် လူသားဆန်တဲ့ ဘ၀ဆိုပြီး ပဲ့တင်ထပ်နေပါတော့တယ်။
လူတိုင်းဟာ ထုတ်ဖော်ပြောခြင်း မပြောခြင်းသာ ရှိပါမယ်။ မိမိကိုယ်တိုင်ကိုတော့ မွန်မြတ်တယ်လို့ ချီးမွမ်းတာ ခံချင်ကြသူတွေချည်း ပါပဲ။ ကျွန်တော်ကိုယ်တိုင်လည်း လူသားထဲက လူသားတစ်ဦးသာ ဖြစ်ပါတယ်။ ဖြစ်နိုင်ရင် စာအုပ်ထဲကသိရတဲ့ ဟိုဆေးရီဇော်လို၊ နော်မင်ဘက်သွန်းလို၊ ချီကွေဗားရားလို၊ အင်ဒရူးမေဆင်လို အဖြစ်မျိုး ရောက်ချင်ပါတယ်။ ဒါပေမယ့် ကျွန်တော်မှာ သူတို့လို စွန့်လွှတ် အနစ်နာခံဖို့ သတ္တိတွေက မရှိပြန်ဘူး။ နောက်ဆုံး ဘာပဲဖြစ်ဖြစ် ကျွန်တော် ခံယူထားတာက မွန်မြတ်သူ မဟုတ်ရင်တောင် ယုတ်မာသူတော့ ဘယ်တော့မှ မဖြစ်စေရပါဘူး။ ကယ်တင်ရှင် မဟုတ်ရင်တောင် ကူညီသူတော့ ဖြစ်ခွင့်ရချင်ပါသေးတယ်။ မိမိဘ၀နှင့် မိမိ မစိုက်ထုတ်နိုင်ရင်တောင် အမြတ်ထုတ်သူတော့ မဖြစ်ချင်ပါဘူး။ မိ သားစုနှင့် မိမိကိုယ်ကျိုးကို အဆုံးစွန် အထိ မစွန့်နိုင်သေးပေမယ့် လုပ်နိုင်တဲ့ ဘောင်အတွင်းကနေ စေတနာထားပြီး ကုသိုလ်လည်းရ၊ ၀မ်းလည်းဝ ဆိုသလို နှစ်ဦးနှစ်ဖက် အကျိုးရှိမည့် နိုင်-နိုင်(win-win) အခြေအနေတစ်ရပ်ကို တည်ဆောက်ချင်တာပါ။ ဒါပေ မယ့် တစ်ခါတလေတော့ ကျွန်တော် တင်ပြခဲ့သလို အသုံးချ ခံလိုက်ရရင်၊ စေတနာကို အစော်ကား ခံလိုက်ရရင်၊ လူသားပီသစွာ တုံ့ပြန်လိုက်ချင်ပါတယ်။ အဲဒီအခြေအနေကို ရောက်တိုင်း ကျွန်တော်မှာ အမြဲ လူသားဆန်လိုက်ရမှာလား၊ စာအုပ် ဆန်လိုက်ရမှာလား ဆိုတာ ဝေခွဲမရခဲ့ပါဘူး။ လူသားဆန်ဆန် ဒေါသနှင့် တုံ့ပြန်ပြီးရင် အမြဲ ကျွန်တော် စိတ်မကောင်း ဖြစ်မိပါတယ်။ စာအုပ်ဆန်ဆန် သည်းခံလိုက် ပြန်တော့လည်း ရင်ထဲမှာ ဗလောင်ဆူလို့ရယ်ပေါ့။ အမှန်တော့ ဦးနှောက် က သိတဲ့ ဖြစ်သင့်တာနှင့် ခံစားချက် အရ ဖြစ်ချင်တာ နှစ်ခုကြားမှာ ကျွန်တော် ဗျာများနေရတာပါပဲ။ အဲသည်လို မဖြစ်ရအောင် ဖြစ်သင့်တာနှင့် ဖြစ်ချင်တာ တစ်ထပ်တည်းဖြစ်အောင် ကြိုးစားဖို့ လိုလာပါတော့တယ်။ ကျွန် တော် နည်းလမ်းရှာရတော့တာပေါ့။ ကျွန်တော် ရင်ဆိုင်နေရတာက လူနာတွေနှင့် ကျွန်တော့်ကြားက ဆက်ဆံရေးမှာ ဖြစ်ပါတယ်။ အဆင်ပြေလည်း သူတို့နှင့်ပဲ၊ အဆင်မပြေလည်း သူတို့နှင့်ပါပဲ။ ဒီတော့ ပထမဦးဆုံး ကျွန်တော် သူတို့ရဲ့ ဘ၀နှင့် ပတ်ဝန်းကျင်ကို လေ့လာရပါတယ်။ ကျွန်တော်နှင့် တွေ့ကြုံတဲ့အခါ လေ့လာခွင့်ရသလို သူတို့ရှိရာကို အခမဲ့ ဆေးကုသရင်း ဖြစ်စေ၊ ကျန်းမာရေး ပညာပေးရင်း ဖြစ်စေ ကျန်တဲ့ လူမှုရေးကိစ္စတွေနှင့်ပဲ ဖြစ်စေ သွားရောက် လေ့လာခွင့် ရခဲ့ပါတယ်။ သူတို့ရဲ့ ဘ၀နှင့်အခက်အခဲတွေကို သိလာတဲ့အခါ သူတို့ ကျွန်တော့်အပေါ်မှာ ကျူးလွန်တယ်လို့ ထင်ရတဲ့ အချို့အချက်တွေကို ကျွန်တော် လက်ခံနိုင်ခဲ့ပါတယ်။ သူတို့ရဲ့ အငုံ့စိတ်တွေ၊ အားငယ်စိတ်တွေ၊ အပြောမတတ်တာတွေ ကျွန်တော်နှင့် လေးငါးဆယ်မိနစ်ကလေး တွေ့ရဖို့ကို သန်းခေါင်အချိန်ကစပြီး ခရီးနှင်ခဲ့ရတာတွေ၊ ပင်ပန်းကြတာတွေကို သိရှိပြီး နားလည် ခွင့်လွှတ်နိုင်ခဲ့ပါတယ်။ အဲဒီတော့ ကျွန်တော့်ရဲ့ အားလပ်ချိန်တွေမှာ ကျွန်တော့်လွှမ်းခြုံမှုရှိတဲ့ အောက်ခြေဒေသ အသီးသီးကို ရောက်အောင် ကျွန်တော် ခရီးသွားပါတယ်။ ခရီးတွေ သွားတာများတာနှင့် ကျွန်တော်ရဲ့စိတ်ဓာတ် ပြုပြင်ရေးခရီးလည်း အတော့်ကို ခရီးရောက်ခဲ့ပါတယ်။ စာအုပ်ထဲကအတိုင်း ထပ်တူမကျသေးပေမယ့် တစ်ရက်ထက်တစ်ရက် စာအုပ်ပိုဆန်အောင် သတိချပ်နိုင်ခဲ့ပါတယ်။ စာအုပ်ဆန်တဲ့ အနေအထားက နည်းနည်း အရွေ့ရှိလာတာကို သတိပြုမိရင်လည်း ခရီးထွက်ဖို့ ကြိုးစားလိုက်တာပါပဲ။ ကိုယ်ချင်းစာ နားလည်ပေးနိုင်ရင် ဆက်ဆံရေး အဖု အထစ်တွေ တော်တော် လျော့ပါးသွားပါတယ်။ ဒါက ကျွန်တော့်နည်းပါ။ ဒါပေမယ့် ကျွန်တော်တွေ့ဖူးတဲ့ ကျွန်တော့်ဆရာကြီး တစ်ယောက်ကျတော့ အမြဲထာဝရကို စာအုပ်ဆန်နေတတ်ပါတယ်။ ဒါကလည်း အခုမှ သုံးသပ်မိတာပါ။ အယုတ်အလတ် အမြတ်မရွေး သူနှင့်တွေ့ရင် စိတ်ချမ်းသာသွားတာပါပဲ။ ဘယ်လောက် ကဂျီကဂျောင်ကျကျ သည်းညည်းခံတတ်၊ ရှင်းပြတတ်၊ အချိန်ယူတတ်တဲ့ ဆရာကြီးဆီက အဲဒီလို နေတတ်အောင် ခံယူချက်တွေကို သင်ခွင့်မရခဲ့တာ၊ သိ ခွင့်မရခဲ့တာ ၀မ်းနည်းမိပါတယ်။ ကျွန်တော်တို့ကလည်း ကျောင်းမှာ စာပဲ ငမ်းငမ်းတက် လိုချင်ခဲ့တာကိုး။ ဉာဏ်ရည်တက်ဖို့(Intelligent)အတွက်ပဲ ရှာဖွေခဲ့ကြပြီး ခံယူချက်(Emotion) အတွက် ရှာဖို့ မေ့ခဲ့ကြပါတယ်။ လက် တွေ့ဘ၀ထဲ ရောက်မှသာ စာတတ်တာထက် ခံယူချက်တွေ ထက်မြက်ဖို့ ပိုလိုအပ်တယ်ဆိုတာ သိလာရပါတယ်။ အစိုးရ၀န်ထမ်းကနေ အနားယူပြီး အဝေးကို သွားချည်လာလှည့် လုပ်နေတဲ့ ဆရာကြီးနှင့်ဒီတစ်ခါ တွေ့ခွင့် ရရင် သူ့ရဲ့ စာအုပ်ဆန်ရခြင်း အကြောင်းလေးကို မေးခွင့်သင်ကြားခွင့် ရချင်ပါသေးတယ်။ အခုတော့ ကျွန်တော်ခရီးတွေ ထွက်လျက် ရှိပါတယ်။ တဆင့်ကူးယူထားတာဖြင့်တယ်..မျှဝေတာပါ၊ ... မိုက်ခဲလေး |
စာအုပ်ဆန်သော ဘ၀နှင့် လူသားဆန်သော ဘဝ
Labels:
စုံစီနဖာ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment